Thursday, May 29, 2008

အဝေးက ......လား။

အဲဒီအကြောင်းတွေကို ပြန်မပြောချင်ပါဘူး။ မပြောဘဲလဲမနေနိုင်ဘူး။ ပြောရင်လဲ ဆုံးမှာမဟုတ်ဘူး။ အဲဒီမနက်ကပေါ့၊ အဲဒီမနက်ဆိုတာ အခုပြောမယ့်အကြောင်းတွေဖြစ်မယ့်မနက်ကိုပြောတာ။ အဲဒီတုန်းက မိုးတွေဆိုတာ တ၀ုန်းဝုန်းနဲ့ ရွာလိုက်တာ။ ကောင်းကင်ဆိုတာ လည်းမည်းနေတာပဲ။ ည နဲ့ မနက် တောင်ခွဲရခက်ခက်ပေါ့။ ခက်တာက အဲဒီနေ့ ဘေးခြံက ကြက်ကလည်းဘယ်ချောင်တိုးပြီးသွားအိပ်နေလည်းမသိဘူး။ တွန်ချိန်ရောက်တာတောင်မတွန်ဘူး။ အဲဒီတော့ အချိန်တိတိကျကျပြောဖို့ခက်သွားတာပေါ့။ ထားပါတော့လေ။ မိုးအေးအေးနဲ့ တံခါးပိတ်ပြီးအိပ်မယ်လုပ်နေတုန်း တဘုန်းဘုန်းနဲ့ တဲတံခါးကိုလာထု နေသံကြားလိုက်တယ်။ ထင်တာက ဟိုကောင် ဘိုနီ တစ်ညလုံး နောက်မိန်းမနဲ့ သွားလည်နေပြီး အခုမှပြန်လာတယ်ထင်တာ။ တံခါးကိုထုနေတာက ရပ်မသွားဘူး။ တဘုန်းဘုန်းနဲ့ ဆက်ထုနေတယ်။ စိတ်ကတိုလာပြီ။ ဟိုကောင်ဆိုရင်တော့ ကန်ထဲ့လိုက်ဦးမယ်ဆိုပြီး တံခါးဖွင့်လိုက်တာ။ လား လား...။ ဟိုကောင်မဟုတ်ဘူး။ မိန်းမတစ်ယောက်။ မိုးရေတွေလည်းရွှဲလို့။ ကျုပ်ကလည်းသနားတတ်တာနဲ့ သူ အိမ်ထဲရောက်လာတယ်ဆိုပါတော့။ တဲကလည်းကျဉ်းတော့ ရှိတဲ့ ကုတင် တစ်လုံးပေါ် အတူတူ ထိုင်ရတာပေါ့။ သူ့ကြည့်ရတာ ချမ်းနေပုံပဲ။ ကျုပ်တောင် ချမ်းရင် ပုဆိုးခြုံ အိပ်ရတာ။ သူ့ ကို ပေးစရာဘာမှ မရှိဘူး။ သူကတော့ တဲခေါင်မိုး ကြည့်လိုက်၊ ကြမ်းပြင်ကြည့်လိုက်နဲ့။ ကျုပ် တဲကို ဒီလေ ဒီမိုး နဲ့ ခံနိုင်ပါ့မလားလို့ သံသယ ၀င်နေပုံပဲ။ ဟိုနှစ်က လယ်ရှင် ကိုမြတို့ အိမ်နောက်အဖီလွင့်သွားအောင်တိုက်တဲ့ လေ လောက်အခုလေက မပြင်းပါဘူး။ ကျုပ်တဲ မှာလည်းနေနေသေး၊ တဲကိုအထင်သေးတာတော့ မကျေနပ်ဘူး။ ထားပါတော့လေ။ မိုးကလည်း သည်းသည်းမည်းမည်း ရွာတုန်းပဲ။ သူကလည်း ဘာမှမပြော၊ ကျုပ်ကလည်းဘာပြောရမှန်းမသိ။ တဲထဲမှာမိုးသံကလည်းပြီး ဘာသံမှမကြားရဘူး။ ဒီလိုနဲ့ မိုးနဲနဲစဲတော့ သူကထွက်သွားဖို့ ဟန်ပြင်တယ်။ ကျေးဇူးတင်ပါတယ်ရှင် လို့သူပြောတော့ ကျုပ် အင်း အင်း အဲ အဲ နဲ့ ဘာပြောရမှန်းမသိဘူး။ ကျုပ် ရှက်သွားသလိုပဲ။ ယောင်နန ဖြစ်သွါးတယ်ဆိုရမှာပေါ့။ သူထွက်သွားတော့မှ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာ သတိရတယ်။ ကိုမြအိမ်သွား၊ နွားထုတ်၊ လယ်ထဲဆင်းရမှာပေါ့။ မိုးကတော့ တစ်ပေါက် နှစ်ပေါက် ကျနေတုန်းပဲ။ အိမ်ကထွက်ခါနီးမှ ဟိုကောင် ဘိုနီပြန်ရောက်လာတယ်။ တစ်ကိုယ်လုံးလဲ မိုးရေတွေရွှဲလို့။ ဒီကောင် ကလယ်ထဲလိုက်ချင်သေးတယ်။ အအေးမိပြီးသေလိမ့်မယ်လို့ ကျုပ် မာန်လိုက်တော့ မှနေခဲ့တာ။ ဒီကောင်က တစ်ခါတစ်ခါ ဗွေဖောက်ပြီး လျှောက်လျှောက်သွားတာက လွဲရင် လိမ္မာပါတယ်။ ကျုပ်နဲ့ စားအတူ သွားအတူပေါ့။ ကျုပ်အိမ်နဲ့ ကိုမြတို့အိမ်က တစ်ခေါ်သာသာလောက်ပဲဝေးတာ။ ဒါပေမယ့် အရီးလေးစိုက်ထားတဲ့ ဆူးပုတ်ခြုံ၊ ကင်ပွန်းခြုံတွေ ကွယ်နေတော့ လှမ်းတော့မမြင်ရဘူးပေါ့။ ကျုပ်လျှောက်လာပြီး အိမ်ထဲဝင်ခါနီးရှိသေးတယ် "သောင်းဒန်မြန်မြန်လိုက်ခဲ့စမ်း" ဆိုတဲ့ကိုမြအသံကြားရလိုက်ရတယ်။ ကိုမြခြေလှမ်းတွေမြန်လိုက်တာ။ ကျုပ်လည်းနောက်က ခပ်သုတ်သုတ်လိုက်ရတယ်။ ကျုပ်တို့နေတာက ရွာတောင်ပိုင်းမှာ။ အခုသွားနေတာက အရှေ့ပိုင်း။ ဘုရားဖြုနားရောက် တော့ ရွာလူကြီးအဘိုးသိန်းတို့နဲ့ဆုံတယ်။ သူတို့စကားအရ ဆိုရင် အခုဖြစ်တာ လူသတ်မှူဆိုတာသေချာနေပြီ။ ဘယ်သူကသတ်တာလည်း။ သေတာကဘယ်သူတွေလည်း။ ဘယ်တုန်းကဖြစ်တာလည်း။ ကျုပ်ဦးနှောက်သေးသေးလေးအလုပ်ရှုပ်သွားတယ်။ သေတဲ့လူတွေအားလုံးက အရွယ်ကောင်းယောက်ျားတွေ။ အားလုံးပေါင်းသုံးယောက်။ ရင်ဝမှာ ဓါးတွေတန်းလန်းနဲ့။ အလောင်းတွေကိုသေချာတောင် မကြည့်ရဲဘူး။ သတ်တဲ့သူဟာ တော်တော်ရက်စက်မဲ့လူ လို့ထင်တယ်။ အထင်အမြင်တွေကတော့အမျိုးမျိုးပေါ့။ နောက်တော့ ရဲတွေရောက်လာတယ်။ါ်ရှာကြ ဖွေကြပေါ့။ ရဲတွေကတော်တော် တော်တယ်။ ကျုပ်တို့ရွာသားတွေက ဝေဖန်ရေးပဲတတ်တာ။ အလောင်းတွေနားကနေ မိန်းမ ဆံထိုးလေးတစ်ခု၊ ခပ်လှမ်းလှမ်း ဆူးခြုံမှာ ညိနေတဲ့ ဘော်ကြယ်သီးလေးတွေနဲ့ အ၀တ်စလေးတစ်စ တွေ့တယ်။ တော်တော်လေး ကြာတော့ အဘိုးသိန်းက သတ်တဲ့လူ ကမိန်းမလို့ ရဲတွေစကားကို တစ်ဆင့်ဖောက်သည်ချတယ်။ အို....အာ...ဟင် ဆိုတာတွေ စုံလို့ပေါ့။ ဒီမိန်းမက ဘာကြောင့်သတ်တာလည်းဆိုတာ ဘယ်သူမှ မစဉ်းစားတတ်ဘူး။ တစ်ခုလပ် မတင်ရွှေ ကတော့ သေတဲ့လူ တွေက အဲဒီမိန်းမနဲ့ ဖောက်ပြန်နေတာ ဖြစ်မယ်တဲ့။ ဖဲသမားဘတုတ်ကတော့ အကြွေးမပေးနိုင်လို့ဖြစ်မယ်ထင်တယ်တဲ့။ အားလုံးအတွေးကိုယ်စီနဲ့ငြိမ်နေတုန်း အပျိုကြီး မကုလားမ က ထအော်တယ်၊ အဲဒီကောင်မ ဘယ်ကိုထွက်ပြေးသွားတာ ဖြစ်မလဲတဲ့။ အ်ပျိုကြီး မေးခွန်းက ကျုပ်ရင်ဝကို ဓါးနဲ့ ထိုးလိုက်သလိုပဲ။ ရင်တွေ တဒိန်းဒိန်းခုန်လာတယ်။ တကယ် သူ ပဲလား။ ဟုတ်ပါ့မလား။ မဟုတ်လောက်ပါဘူး။ ရင်တွေပူလိုက်တာ။ "ရက်စက်လိုက်တာနော်....သရဲစီးနေလို့ဖြစ်မှာပေါ့....အဖြစ်မှန်တွေပေါ်မှာစိုးလို့နဲ့တူတယ်....အခုဘယ်ရောက်သွားလဲ...."။ ကျုပ် ဘာကိုကြောက်မှန်းမသိကြောက်လာတယ်။ သူ့ အကြောင်းကို ပြောရမလား။ ကျုပ်တစ်ကိုယ်လုံးကို မီးနဲ့ မြိုက်နေသလိုပဲ။ အဝေးကိုထွက်ပြေးချင်လာတယ်။ ဒါပေမယ့် ခြေထောက်တွေ ရွှေ့လို့မရတော့သလိုပဲ။ နားထဲလည်း စကားသံတွေကြားလာတယ်။ မသဲမကွဲပဲ။ အဝေးကလား...။ အဝေးက အသံတွေလား။ တကယ် အဝေးကလား....။

No comments: